ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှု လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်သင်ကြား

ကျောက်တန်း စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းလေး ကျေးရွာ တွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ အုန်းလက်မှုလက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်းမော်က အဖွင့်အမှာ စကားပြောကြားရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကာလတွင် ပို့ချသင်ကြားပေးသည့် ထုတ်ကုန် များကို ဈေးကွက်အတွင်း ပြန်လည် ရောင်းချ၍ ကုန်ကြမ်းတန်ဖိုး ကျသင့်ငွေများကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်း ရမှာဖြစ်ပြီး  Cash For WORK (or) On Job Training  မှ အမှန်တကယ် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစု စားဝတ်နေရေး ဖော်ဆောင်နိုင်ရန် အထူးဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် လည်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားသင်ယူ ကြစေလို ပါကြောင်းနှင့် သင်တန်းပြီးမြောက်၍ တစ်နိုင် တစ်ပိုင် လုပ်ငန်းလုပ်ကိုင်လိုပါက လိုအပ်သည်များကို ဆက်သွယ်ကူညီဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ် က  သင်တန်း ကို ကြိုးစားသင်ယူကြရန်နှင့် ကျေးရွာသည် သံတဲကျေးရွာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အတွက် ခရီးသွားဧည့်သည် များအား လက်မှုပစ္စည်းများဖြင့် ဆွဲဆောင်နိုင်ပါကြောင်း၊ လက်မှုပညာသည် လူတိုင်းမှာ တတ်ထားသင့်သည့် ပညာရပ်ဖြစ်ပါ ကြောင်း၊ အုန်းလက်မှုပစ္စည်းများကို မြို့ကြီးများတွင် ဈေးကြီးပေး ဝယ်ယူရပါ ကြောင်း၊ ကမ္ဘာလှည့်ခရီးသည် အများစုကလည်း စိတ်ဝင်စားကြပါကြောင်း ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာ/ဆရာမများက သင်တန်းစည်းကမ်းနှင့် သင်တန်းအကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် အုန်းသီးဖြင့် ပြုလုပ်သည့် ကလပ်ခွက်၊ ဟင်းထည့်ခွက်၊ ဖုန်းထည့်ခွက်၊ ရေခွက်၊ လက်စွပ်၊ သော့ချိပ်နှင့် အခြားလူသုံး ကုန်ပစ္စည်းများကို သင်တန်းသား (၂၄) ဦးအား လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၁)ရက်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)