ပေါက်တော ဧပြီ ၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၃၁) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခု၌ ယနေ့စာမေးပွဲနောက်ဆုံးနေ့ သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ပေါက်တော၊ အ.ထ.က-သဝင်ချောင်း၊ အ.ထ.က-မြင့်ဂါ၊ အ.ထ.က-လက်ပံပြား၊ အ.ထ.က-ကျောက်တောင်နှင့် အ.ထ.က-ဆင်တက်မော် စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင်မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ယနေ့သမိုင်းဘာသာရပ်ကို စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၄၇၂) ဦး၊ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၅၂)ဦးဖြေဆိုပြီး၊ ပျက်ကွက်သူ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးရှိရာ၊ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၅.၇၆) ရာခိုင်နှုန်းဖြင့် အေးချမ်းစွာဖြေဆိုခဲ့ကြပြီး၊ ဧပြီလ(၉)ရက်နေ့တွင် စိတ်ကြိုက် မြန်မာစာဘာသာရပ်ကို ပေါက်တော မြို့နယ်အတွင်း တက်ရောက်သင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)