ဆီဆိုင် ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင် သော ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile System ဖြင့်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆီဆိုင် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင် သည့် ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်/အထွက် ဂိတ်တွင် ဝင်/ထွက် သွားလာသော မိဘပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းရှိ/မရှိနှင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား စစ်ဆေးရေးဂိတ်များအလိုက် Mobile System ဖြင့်ကာကွယ်ဆေး ထိုးနှံ ပေးခြင်းနှင့် ပထမအကြိမ်ဆေးထိုးနှံပြီးစီးကြောင်း မှတ်တမ်း ထုတ်ပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ထားမှု မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် မိဘပြည်သူများအား ခရီးသွားပါက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက် မှတ်ကိုင်ဆောင်သွားလာကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်သွားကြရန်နှင့် အပြင် ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာကြစေရေးအတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)