မိုးနဲ ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း စာသင်တိုက် ဆရာတော်ဦးစီး၍ နာဟောင်ရပ်ကွက် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းစာသင်တိုက်၌ နွေရာသီကျောင်းပိတ်ရက် ဓမ္မစကူးလ်နှင့် ရှမ်းတိုင်းရင်းသားစာပေ ကိုသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်အတွက် သံဃာတော်များနှင့် ရှမ်းတိုင်းရင်းသားဆရာများက ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်များအတွင်း ရှမ်းတိုင်းရင်းသားလူငယ်များကို ရှမ်းစာပေသဒ္ဒါနှင့် ဗုဒ္ဓတရားတော်များကို ပြဌာန်းစာအုပ်အဖြစ်ထားရှိ၍ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို ဧပြီလ ၃ ရက်နေ့မှ စတင်၍ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပြီး ဆုတောင်ပြည့်ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်လေးပါးအပါအဝင် ရှမ်းစာဆရာမ ၁၂ ဦးတို့က သင်တန်းသား ၁၅၀ ဦးကို တစ်လခွဲကြာ ည ၆ နာရီမှ ၇ နာရီခွဲအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)