သိန္နီ ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်၍ ကာယဉာဏစွမ်းရည်များ တိုးတက်လာစေရန်၊ နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများမွေးထုတ်ပေးနိုင်ရန်အတွက် နွေရာသီအေရိုးဗစ်သင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာချိုက အေရိုးဗစ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းနည်းပြ မလောင်ဟွမ်းငင်းက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် အေရိုးဗစ်သင်တန်းများကို တက်ရောက်စေလိုကြောင်း၊ ခန္ဓာကိုယ်လှပ၍ ကျန်းမာသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းသော လူ့ဘောင်အဖွဲ့အစည်းမှတစ်ဆင့် နိုင်ငံတော်အတွက် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သောသူများ၊ ဉာဏစွမ်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ပါဖြစ်သဖြင့် သင်တန်းသား/သူများအနေဖြင့် ကြိုးစားသင်ယူနိုင်ရန် စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
သင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၂)ပတ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)