မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပပြုလုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် အား/ကာတိုက်တန်းလမ်းထောင့် မြို့တော်ခန်းမရှေ့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်အတွင်းနှင့် ဧရာဦးပန်းခြံအထိ ကမ်းနားလမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ပါ ထည့်သွင်းကျင်းပနိုင်ရေးကိုလည်း ပုသိမ်ထီးများဖြင့် အလှဆင် ချိတ်ဆွဲထားပြီး ရေပန်းပိုက်များတပ်ဆင်၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။

အလားတူ သင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ယိမ်းအက အလှပြိုင်ပွဲများ၊ ခေတ်ပေါ်တေးဂီတများ ထည့်သွင်းကျင်းပသွားမည်ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနများမှ သင်္ကြန်ပွဲတော်ရက်အတွင်း စတုဒီသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)