ကျောက်တံတားမြို့နယ်အတွင်း အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးများ ဆက်လက် ထိုးနှံပေး

ကျောက်တံတား ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် (၃၅)လမ်း ထိပ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်‌‌ရေးမှူး ရုံးဟောင်းရှေ့ဆေးထိုးစုရပ်တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်း၍ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးရာ Covidshield First Dose ထိုးနှံသူ (၅၈) ဦး၊ Covidshield Second Dose ထိုးနှံသူ (၁၄) ဦး၊ Covidshield Booster Dose ထိုးနှံသူ (၁၅၄) ဦး စုစုပေါင်း (၂၂၈) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အနီးကပ်ကြီးကြပ်ပြီးကျန်းမာရေးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်‌‌‌ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေး ထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ဆေးထိုးပြီးပါက နာရီ ဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)