မိတ္ထီလာ၌ နွေရာသီအခြေခံအားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဧပြီ ၈

မိတ္ထီလာ၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သောနွေရာသီ အခြေခံအားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အားကစားကွင်းမိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးကသင်တန်းဆင်း အမှာစကားပြောကြားသည်။ ၎င်းနောက် နွေရာသီအခြေခံအားကစား သင်တန်းများသို့ တက်ရောက်ခဲ့ကြသူများအား  ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက    လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားသည်။ ဆက်လက်၍ နွေရာသီအခြေခံ အားစကားသင်တန်းများ ဖြစ်သော ဘောလုံး၊ဘောလီဘော ၊ ပိုက်ကျော်ခြင်း ၊ ရိုးရာခြင်း ၊  ကြက်တောင်၊ မြန်မာ့သိုင်း ၊ တင်းနစ် ၊ အေရိုးဗစ်  သင်တန်းများသို့တက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများထံသို့ သင်တန်းဆင်း လက်မှတ် များကို ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။  သင်တန်း ဆင်းလက်မှတ် များပေးအပ်ပြီးနောက်  မြန်မာ့သိုင်းသင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသားသင်တန်းသူများက မြန်မာ့သိုင်းကို သရုပ်ပြသကစားခဲ့ကြောင်း သိရသည်။ အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများတွင်  ဘောလုံးသင်တန်း ၁၂၄ ဦး ၊ ဘော်လီဘော သင်တန်း ၂၁ ဦး ၊ ကြက်တောင်သင်တန်း ၁၈ ဦး ၊ ပိုက်ကျော်ခြင်း သင်တန်း ၃၂ ဦး ၊ ရိုးရာခြင်းသင်တန်း ၁၉ ဦး ၊ မြန်မာ့သိုင်းသင်တန်း ၂၉ ဦး ၊ တင်းနစ်သင်တန်း ၈ ဦးနှင့် အေရိုးဗစ်သင်တန်း ၁၇ ဦး အသီးသီးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ချမ်းသာ