ဘူးသီးတောင်မြို့၌ နွေရာသီအခြေခံကရာတေးအားကစားသင်တန်း ဖွင့်လှစ်

ဘူးသီးတောင်  ဧပြီ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန လေးဝတီကရာတေးအသင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံကရာတေး ဒိုသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက်(၇:၃၀)နာရီ အချိန်က ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင်လူငယ်၊ လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း အားလပ်ချိန်တွင် လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် ကောင်းမွန်သော အနာဂတ်တွင် တစ်ထောင့် တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်စေရန်၊ အားကစားအပေါ် စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက် သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေခြင်း၊ ကရာတေးပညာ အခြေခံနည်းစနစ်များအား စနစ်တကျ တက်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း နည်းပြ ဒေါ်နီလာဝင်းက ပြောသည်။ သင်တန်းတွင် လေးဝတီကရာတေး အသင်းနည်းပြ ဦးအောင်ကျော်ညွန့်နှင့်ဒေါ်နီလာဝင်းတို့မှ သင်တန်းသား/သင်တန်းသူ (၃၀)ဦးတို့အား လက်ခံ သင်ကြားပေးလျက် ဖြစ်ပြီးသင်တန်းကာလမှာ ဧပြီလ (၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ သင်ကြား ပေးမည်ဖြစ်ကြောင်းသိရသည်။

လှကျော်(ပြန်/ဆက်)