ပင်းတယ ဧပြီ ၈
နွေရာသီ ရေရှားပါးသည့်အချိန် ပင်းတယမြို့လယ်ရှိရှေးဟောင်း သမိုင်းဝင် ပုန်းတလုတ် နတ်ရေကန်အတွင်း ရေခမ်းခြောက်မှု မဖြစ်စေရန် ရည်ရွယ်၍ မြို့၏ အနောက်မြောက်တောင်ခြေရှိ သဘာဝဇော်ဂျီရေထွက်ချောင်းမှရေများအား ရေကန်အတွင်းသို့ ရေသွင်းပိုက်များဖြင့် ရေဖြည့်တင်း ဆောင်ရွက်မှုများကို ယမန်နေ့ နေ့လည်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပုန်းတလုတ် ရေကန်အတွင်းရေဖြည့်တင်းခြင်း ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် လူငယ်လူရွယ်များက ဧပြီလ(၅)ရက်နေ့မှစတင်ကာ ပျက်စီးပေါက်ပြဲနေသော ရေပိုက်များ ပြင်ဆင်ခြင်း၊ ပြတ်လတ်နေသည့် နေရာများအတွက် ရေပိုက်များ တပ်ဆင်ခြင်း၊ ပုန်းတလုတ် ရေကန်အတွင်းရှိ အမှိုက်သရိုက်များ နှင့် ဖောင်းတောပင်များကို ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် မိုးရွာသွန်းသည့်အခါ ရေဝင်/ရေထွက်ကောင်းမွန်ရေး ရေကန်အတွင်းသို့ ရေဝင်လမ်းကြောင်း များအား လူအင်အား၊စက်ယန္တရားအင်အားများဖြင့် တူးဖော်ပေးခြင်းများ ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီးနောက် ဧပြီ (၇) ရက်နေ့မှ စတင်ကာ ပင်းတယ မြို့နှင့် ၄ မိုင်ခွဲခန့် ကွာဝေးသော တောတောင်သဘာဝ ရေထွက်ပေါက်များမှ ဖြစ်ပေါ်လာသည့် သဘာဝဇော်ဂျီ ရေထွက်ချောင်းမှ ရေများအား ရေကန်အတွင်းသို့ ရေဖြည့်တင်းသွယ်တန်းဆောင်ရွက်နေပြီဖြစ်သည်။ ရေဖြည့်တင်း ဆောင်ရွက်ရာတွင် တစ်နေ့လျှင် အချိန် (၃) နာရီ ခန့် တစ်ကြိမ်သာရေဖြည့်တင်သွားမှာ ဖြစ်ပြီး တစ်ကြိမ်လျှင် ရေဂါလန် တစ်သိန်းဝန်းကျင်ခန့် ပုန်းတလုတ်ရေကန်အတွင်းသို့ ရောက်ရှိမှာ ဖြစ်ကြောင်း သိရှိရသည်။
ပင်းတယမြို့လယ်ရှိပုန်းတလုတ််ရေကန် အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးနှင့် ရေကန်အတွင်း ရေများ ဖြည့်တင်းဆောင်ရွက်ရေးတို့အတွက် ရှမ်းပြည်နယ်အစိုးရ၏ ကူညီပံ့ပိုးမှုနှင့်အတူ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ၂၀၁၇ ခုနှစ်၊ မေလပိုင်းမှစ၍ စတင်ဆောင်ရွက်ခဲ့သည် ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် (၈၂.၇၅) ဧကဝန်းကျင်ရှိသည့်ပုန်းတလုတ်ရေကန်သည် ပူပြင်း ခြောက်သွေ့သည့် နွေရာသီ ရေခမ်းခြောက်မှုကြောင့် ရေအမြင့်ပေ(၁၄)ပေ ကျော်ရှိခဲ့ရာမှ အမြင့်ပေ (၆) ပေခန့်သာကျန်ရှိသဖြင့် ကန်ရေပြင် အလှပျက်စီးမှုမဖြစ်ပေါ်စေရန် ဇော်ဂျီသဘာဝ ရေထွက်ချောင်းမှ ရေများဖြည့်တင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နှင့်ယခုလို ရေတင်ခြင်းဖြင့်ဇာ်ဂျီရေထွက်ချောင်းမှ ရေများ သိသာလျော့နည်းပြီး ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
ပင်းတယ (ပြန်/ဆက်)