နမ္မတူ ဧပြီ ၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ပန်ဟိုက်ရပ်ကွက် (၄)ရှိ မူလတန်း ကြိုကျောင်းတို့ ပူးပေါင်း၍ မူလတန်းကြိုအဆင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မူလတန်းကြိုကလေးငယ်များ စိတ်အပန်းပြေစေရန်နှင့် စာရိတ္တ ကောင်း မွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ဇာတ်လမ်းနှင့်သရုပ်ဖော် မောင်ခေတ်ထွန်း၏ သစ်ကောက်ပင်နှင့် သစ်ဖြောင့်ပင် ဇာတ်လမ်းဖြင့် ရုပ်ပုံပြပုံပြင်ပြောခြင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်၊ တီထွင်ကြံဆမှုမြင့်မား လာ စေရန်၊ ပျော်ရွှင်ကျန်းမာစေရန်နှင့် အချင်းချင်းချစ်ခင်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် အတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရောင်ကာလာရွေးပြိုင်ပွဲနှင့် ပူစီပေါင်းဖောက်ပြိုင်ပွဲများအား ကျင်းပ ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပန်ဟိုက်ရပ်ကွက် (၄)ရှိ မူလတန်းကြိုကျောင်းမှ မူလတန်းကြိုအဆင့် ကလေးငယ် (၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ပြိုင်ပွဲဝင်ကလေးငယ်များအား အားဖြည့်အချိုရည်၊ အာဟာရမုန့်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထိုသို့ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကလေးငယ်များ ငယ်စဉ်အရွယ် ကတည်းကပင် ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးပြီး ပညာရှာမှီးသည့်အရွယ်ရောက်လျှင် စာတတ်ဖို့သာမက ပညာ တတ်ဖို့အတွက် မိမိဘဝရှေ့ရေးအတွက်လိုအပ်သော စာအုပ်စာပေကောင်း များကို ရှာမှီးလေ့လာ ဖတ်ရှုမှတ်သားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စိတ်အပန်းပြေပျော်ရွှင်စေရန်၊ တီထွင်ကြံဆမှု မြင့်မားလာ စေရန်နှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)