ပုသိမ်ကြီးမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး စက်တင်ဘာ ၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုလ်ဘိုင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မြကံသာကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြကံသာကျေးရွာသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုလ်ဘိုင်းယာဉ်ဖြင့် သွားရောက်ကာ ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် စနစ်တကျလက်သန့်ရှင်းရေးနှင့် Mask အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ/စနစ်တကျလက်ဆေးနည်း/သံသယလူနာရှိပါက ဆက်သွယ်ရမည့်အဖွဲ့အစည်းများ၊ ကျန်းမာရေးဌာနများ၊ ရောဂါလက္ခဏာများ၊ ကူးစက်ပုံများပါဝင်ကြောင်း၊ မန္တလေးခရိုင်အတွင်းရှိဈေးများ၊ ကျေးရွာများသို့သွားရောက်ကာ အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောကြားခဲ့သည်။

သန်းဇော်မင်း(ပြန်/ဆက်)