လင်းခေးမြို့နယ် မအွန်လောင်းကျေးရွာတွင် ရေခဲသေတ္တာ လျှပ်စစ်အပူလွန်ကဲ၍ လူနေအိမ် ၂လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

လင်းခေး       စက်တင်ဘာ   ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ မအွန်လောင်းကျေးရွာအုပ်စု၊ မအွန်လောင်း ကျေးရွာတွင် ယမန်နေ့ညနေ ၅နာရီက လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါကျေးရွာနေ ဦးလုံးနီ၏နေအိမ်မှ ရေခဲသေတ္တာအပူရှိန်လွန်ကဲကာ မီးလောင်ကျွမ်း ခြင်းဖြစ်ပေါ်ခဲ့ပြီး အနီးကပ်လျက်ရှိ ဦးခွန်မြတ်၏ နေအိမ်သို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ လင်းခေးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်(၂ဝ )ဦး၊ မီးသတ်ကား() စီး၊ ဝမ်ဟတ်တိုက်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မအွန်လောင်းကျေးရွာရှိ ဒေသခံ ပြည်သူများ ပူးပေါင်းဝိုင်းဝန်း မီးငြိှမ်းသတ်ခဲ့ကြရာ ညနေ၅ နာရီခွဲအချိန်တွင် မီးငြိှမ်းသွားခဲ့ကြောင်း နှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

 

စိုင်းဇော်လတ်