မလှိုင်မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရ ပစ္စည်းများ ထောက်ပံ့ ပေးအပ်

မလှိုင် ဧပြီ ၇

မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် ထန်းတောသား ဖွားခန်းသို့ လာရောက်ပြသသော ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့် ကလေး စောင့် ရှောက်ရေးအသင်းမှ အာဟာရပစ္စည်းများ ယနေ့နံနက် ၁၁ နာရီ ခွဲ အချိန်က ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါနေ့က ထန်းတောသားဖွားခန်းသို့ လာရောက်ပြသသော ကိုယ်ဝန်ဆောင်မိခင် များအား ကိုယ်အလေးချိန် တိုင်တာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကျန်မာရေး စမ်းသပ်စစ်ဆေးပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ဒေါ်သီတာအေး ဦးဆောင်သောအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များအား၊ ကြက်ဥ၊ ငှက်ပျောသီးနှင့် အခြားစားသောက်စားသောက်ဖွယ်ရာ အာဟာရ ပစ္စည်း များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ကျန်းမာ‌ရေး ဆေးခန်းဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်၍ သားဖွားဆရာမ ဒေါ်ဝါဝါထွန်းက " ကျမတို့ ဆေးခန်းမှာ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု ပေးတာအပြင် ထန်းတော၊ မုံပင်လေး၊ အုတ်ကျင်း၊  ကမ္ဘားဖြူ၊ ထန်းပင်ကောက် ကျေးရွာများမှ ကလေးငယ် များကို လစဉ်(၃) ရက်နေ့တိုင်း (၅)မျိုးစပ် ကာကွယ်‌ဆေး ထိုးနှံပေးခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟုပြောပြခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)