ပေါင် ဧပြီ ၇
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၇ ရက်တွင် နိုင်ငံတဝှမ်း၌ ပထဝီဝင် ဘာသာရပ်ကို ဆဌမနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၄ ခုသို့ လာရောက်ဖြေဆိုသူပထဝီဝင်ဘာသာရပ် (၉၅.၄၅) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးစာရင်းအရ သိရသည်။
ပေါင်မြို့နယ်တွင် အ.ထ.ကပေါင်၊ အ.ထ.က အလှပ်၊ အ.ထ.ကဇင်းကျိုက်၊ အ.ထ.က သဲကုန်း စာစစ်ဌာန (၄)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုခွင့်ရှိသူ (၄၄)ဦးရှိသည့်အနက် ကျောင်းသား ကျောင်းသူ(၄၂)ဦး လာရောက်ဖြေဆိုကြောင်းသိရသည်။
အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော် ဆောင် အဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နှင့်စာမေးပွဲဖြေဆိုအပြီးတွင် အအေး ဗူးများ ဝေပေးကြောင်းသိရသည်။
၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ်အပြည့် ဖွင့်လှစ် နိုင်ခြင်းမရှိခဲ့သော်လည်း နိုင်ငံတဝှမ်းမှ တိုင်းနှင့်ပြည်နယ်အသီးသီး၊ နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၂၀၀ကျော်မှာ ကျောင်းသားကျောင်းသူဦးရေ သုံးသိန်းကျော် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းထားကြောင်း ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါစာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်နှင့် ပြင်ပမှ ဖြေဆိုသူ တစ်သိန်းကျော်ရှိပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။
တင်ဇာစိုး(ပြန်/ဆက်)