မံစီ ဧပြီ ၇
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ပြည်သူများအနေဖြင့် လျှပ်စစ်အန္တယ်ရာယ် ကင်းရှင်းပြီး လျှပ်စစ်ဓါတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၉ နာရီကစတင်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လျှပ်စစ်ဓါတ်အားကို လေလွှင့်မှုဖြစ်စေသည့် အကြောင်းအရာ များနှင့် လေလွှင့်မှုမဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ လျှပ်စစ်ဓါတ်အား အသုံးပြုရာတွင် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာများနှင့် အန္တာရာယ်မဖြစ်ပေါ်စေရန် ဆောင်ရန်ရှောင်ရန် အချက်များ၊ အန္တရာယ်ကျရောက် လာပါက အရေးပေါ်ပြုလုပ်ရမည့် အချက်များ ကို ကာတွန်းရုပ်ပုံများနှင့်အတူ စိတ်ဝင်စားဖွယ်ပြသထားကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများသိရှိ သင့်သည့် အကြောင်းအရာများနှင့် ဗဟုသုတရရှိစေမည့်အကြောင်းအရာများကို လစဉ်ပုံမှန်ပြောင်းလဲ ပြသပေး နေလျက်ရှိပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ကို ယခုလ အတွက် ပြသခြင်းဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)