ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံ ပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့်ထိုးနှံ

ရသေ့တောင် ဧပြီ ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဧပြီလ အတွင်း ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းထက်နှင့် ကော်မတီအဖွဲ့ဝင် များ ဦးဆောင်လမ်းညွန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ များက ပူးပေါင်း၍ ထိုးနှံဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရသေ့တောင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ များတွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ပျက်ကွက်နေသူများအား အိမ်တိုင် ရာရောက် ကောက်သင်းကောက်စနစ်ဖြင့်ထိုးနှံ ဆောင်ရွက်ခြင်း၊ မြို့နယ်အတွင်းနှင့် မြို့နယ် ပြင်ပခရီးသွားလာရာတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ပါ/မပါ စစ်ဆေးခြင်းနှင့်  ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံဖူးကြောင်းစီစစ်တွေ့ရှိသူအား ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကာကွယ်ဆေးအား မထိုးနှံလိုပါက RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်နမူနာ ရယူစစ်ဆေး သွားမည်ဖြစ်ပြီး ကျသင့်ကုန်ကျစရိတ်ကို ပေးသွင်းရမည်ဖြစ်ပါသည်။ RDT Test Kit ဖြင့် စစ်ဆေး၍ Positive ထွက်ပါက Home Quarantine နေအိမ်တွင် (၁၀) ရက် အသွားအလာ ကန့်သတ်နေထိုင်ခြင်းကို လိုက်နာကြရမည်ဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် (၄)နေရာဖြစ်သည့် စီမံကိန်းရုံးရှေ့၊ မြို့မရဲစခန်းရှေ့၊ သင်္ဘောဆိပ်၊ ရေချမ်းပြင်ဆိပ်များသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝ မထိုးနှံသေးသူ မှန်သမျှတို့အားလိုက်လံထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)