ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်တွင် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် ဧပြီ ၇      

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်(၆)လဘတ်ဂျက်တွင် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးရုံးမှ ဒေသအထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်-နော်ဆံဗတ်-နောင်ကဖား-ပုံးလောင်း-နောင်လုံ(မ)လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုက်ခေါင်(အထက)ကျောင်း တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများကို အားပေးစကား ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လ ဘတ်ဂျက်ပြည်နယ်ရန်ပုံငွေဖြင့် အောင်ဆုပြည့် ကျော်ကုမ္ပဏီမှ ဆောင်ရွက်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်နှင့် အုတ်တံတိုင်းကာရံခြင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)