ပင်လောင်း ဧပြီ ၇
နွေရာသီကျောင်းများပိတ်သည့် ကာလအတွင်း လူငယ်လူရွယ်များမှ အချိန်ကိုအကျိုးရှိရှိ အသုံးပြုနိုင်ရေးနှင့် အားကစားကို ချစ်မြတ်နိုးသည့် လူငယ်လူရွယ်များက အားကစားဖြင့် ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရရှိစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းတွင် အေရိုဗစ်သင်တန်း၊ အခြေခံမြန်မာ့သိုင်းသင်တန်း၊ အမျိုးသား/အမျိုးသမီး ဘောလုံးသင်တန်း အားကစားနည်းသုံးမျိုးဖြင့် မြို့နယ်အားကစားကွင်၌လည်းကောင်း၊ စစ်တုရင်သင်တန်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ အဆိုပါသင်တန်းလေးမျိုးတွင် သင်တန်သား/ သင်တန်းသူ လူငယ်လူရွယ် စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းအား မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင်ပြုလုပ်ရာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းသန်းထွန်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်စန်းစန်းအေး၊ အားကစားနည်းပြဆရာများ တက်ရောက်ချီးမြှင့်ခဲ့ပြီး သင်တန်းသား/ သင်တန်းသူ လူငယ်လူရွယ်များအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး