ကျောက်ပန်းတောင်း စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်များအား ငွေကြေးထောက်ပံ့မည့် အစီအစဉ် Ngwe Bike Application ဖြင့်၊ ကိုယ်ဝန်ဆောင်စာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများကို၊ ယနေ့နံနက် (၁၀) နာရီက တမ္ပဝတီရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ရုပ်/သံကျွမ်းကျင်(၃) ဒေါ်သဲဖြူတို့သည် တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြဆောင်၏ ဖိတ်ကြားအကူအညီတောင်းခံမှုဖြင့် အဆိုပါရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်(၂၀)ဦးတို့အား Ngwe Bike Application ဖြင့် ကိုယ်ဝန်ဆောင်စာရင်း ဖြည့်သွင်းပေးခြင်း၊ အထောက်အထား စာရွက်စာတမ်းများနှင့် ကိုယ်ဝန်ဆောင်၏ မှတ်တမ်းဓာတ်ပုံရိုက်ကူး ဖြည့်သွင်းခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ငွေကြေးထောက်ပံ့မည့် အစီအစဉ်အတွက် Ngwe Bike Application ဖြင့် စာရင်းလက်ခံခြင်းကို ဩဂုတ်လ(၁၁)ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်အတွင်းသာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ရာ၊ ညောင်ဉီးခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနဖြင့် ချိတ်ဆက်၍၊ မြို့နယ်အတွင်းအမှန် တကယ်လိုအပ်သည့် ကိုယ်ဝန်ဆောင်များ နစ်နာမှုမရှိရလေအောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ပြောကြားခဲ့သည်။
နေအောင်(ပြန်/ဆက်)