အမ်း ဧပြီ ၇
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်ရှိ ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ် ဆေးဝါးများအား စွမ်းစွမ်းတမံ ရှာဖွေဖော်ထုတ်ခဲ့သော အရာရှိစစ်သည်များနှင့် တာဝန် ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းခိုင်တို့တက်ရောက်ကာ ဒုတိယတိုင်းမှူးက အမ်းမြို့ ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် R/WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင် (၅၀၀၀၀) ပြားခန့်ပါ အထုတ်(၃၀၀)ထုပ်၊ စုစုပေါင်း ဆေးပြား(၁၅)သန်းခန့်၊ (၁၅၀၀) ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး တစ်ပြားလျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ကျပ်(၃၀)ဘီလီယံခန့်အား ဧပြီလ (၅) ရက်နေ့ ညနေအချိန်က မူးယစ်ဆေးဝါးများကို စွမ်းစွမ်းတမံရှာဖွေ ဖော်ထုတ်ခဲ့သော စစ်သည်အရာရှိနှင့်တပ်ဖွဲ့ဝင် ၆ ဦးအား ကျပ်(၃)သိန်းနှုံန်းဖြင့် ၎င်း စစ်ဆေးရေးဂိတ် ဝန်ထမ်း ၂၉ ဦးအား တစ်သိန်းနှုန်းဖြင့် ၎င်းစုစုပေါင်း ကျပ် (၄၇) သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း