တောင်ကြီး ဧပြီ ၇
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ နန်းဟူးကျေးရွာအုပ်စု၊ နောင်လေ ကျေးရွာအုပ်စု၊ ရွှေညောင်မြို့၊ မိုင်းသော်ကျေးရွာအုပ်စု၊ အေးသာယာမြို့၊ အမှတ် (၄) ရပ်ကွက်နှင့် ကျောက်တလုံးကြီးမြို့၊ နားဟီးရွာအုပ်စုနေပြည်သူများအား သတ်မှတ်စုရပ်နေရာတွင် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကိုဧပြီလ ၁၂ ရက်နေ့အထိလည်းကောင်း၊ သင်္ကြန်ရုံးပိတ်ရက် ပြီးချိန်တွင် ဧပြီလ ၁၈ ရက်မှ ၂၈ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်း ကျန်ရပ်ကွက်၊ ကျေးရွာ များသို့သွားရောက်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း