မိုင်းကိုင် ဧပြီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်သားဖွား (၆)လသင်တန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစ၍ သင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဝေးလံခက်ခဲသောကျေးရွာများမှ ကျေးရွာကိုယ်စားပြု သင်တန်းသား၊ သင်တန်းသူ ၃၇ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။
အရန်သားဖွားသင်တန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ဝန်ထမ်းများက ကျေးလက်နေပြည်သူများ ကျန်းမာရေးအသိပညာ ရရှိကြစေရန်၊ ကျန်းမာရေး လက်လှမ်း မမီနိုင်သော နေရာဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ၏ ကျန်းမာရေးကို ပိုမိုကြည့်ရှု စောင့်ရှောက်ပေးနိုင်ရန်၊ မိခင်နှင့်ကလေးငယ်များ သေဆုံးမှုနှုန်းလျှော့ချနိုင်စေရန်၊ ကျေးလက်ဒေသ များအထိ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဗဟုသုတများ ရရှိကြစေရန်အတွက် အရန်သားဖွားများကို လေ့ကျင့်မွေးထုတ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းသို့ ယနေ့မနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ ဗသုတများ တိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက တိမ်မြှုပ်နေသော ဖြည့်ဆည်းရန်ကွက်လပ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)