မုဒုံမြို့၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားကျင်းပ

မုဒုံ ဧပြီ ၆

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာကျေးရွာအုပ်စု (ရွာဟောင်းပိုင်း) ကွင်းအမှတ်၊  ၈၃၁ တောင်သူ ဒေါ်လှရီ၏ လယ်မြေပေါ်တွင် ယနေ့နံနက် ၁၀ နာရီက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးအောင်၊ ​မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီး မှူးနှင့်ဝန်ထမ်းများ၊ တောင်သူများတက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားပြီး မုဒုံ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေတာဝန်ခံ ဒေါ်ခင်သီတာထွန်းက စိုက်ပျိုးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်တမ်းတိုတိုနှင့် အကျိုးများသည့် ပိုက်ဆံလျှော် အကြောင်း၊ ပိုက်ဆံလျှော်၏ အရည်အချင်းလက္ခဏာများ၊ သစ်စိမ်းမြေသြဇာပြုလုပ်ခြင်းနှင့် စိုက်ပျိုးခြင်းများ၊ ယင်းမြေသြဇာကို အသုံးပြုစိုက်ပျိုးခြင်းဖြင့်  လေမှနိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင် မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်း ဖြစ်ကြောင်းနှင့် မြေသြဇာ ကုန်ကျ စရိတ်သတ်သာပြီး တောင်သူများ၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ခုနှစ် စိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ ကျေးရွာရှိ တောင်သူ (၇)ဦး၏ လယ်ဧက (၃၀)အား သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို တက်ရောက်လာသူများနှင့် တောင်သူများက ကြဲပက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)