ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး

ဆီဆိုင် ဧပြီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်တားဆီး နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့  နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ကောင်ဝိန်းကြီးကျေးရွာနှင့်မဲဘောင်ကျေးရွာရှိ ဒေသခံ ပြည်သူများအားကွင်းဆင်း ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ရောဂါဆိုင်ရာ လမ်းညွှန် ချက်များနှင့်အညီ ကျေးရွာရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံ ပြည်သူများအား စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး၍ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံ ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့ ပူးပေါင်း၍ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခဲ့ကြောင်း သိရသည်။   

မျိုးမြတ်(ဆီဆိုင်)