တောင်ကုတ် ဧပြီ ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇) ခုဖွင့်လှစ်၍ မတ်လ(၃၁)ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက-၁(တောင်ကုတ်)၊ အထက-၂ (မြို့မ)၊ အထက-၃၊ အထက-၄ (ဂူတာ)တွင်လည်းကောင်း၊ တန်းလွဲမြို့တွင် အထက(ရွာမ)တွင် လည်းကောင်း၊ မအီမြို့တွင် အထက(မအီ)နှင့် အထက(လမူးမော်)တွင်လည်းကောင်း စာစစ်ဌာန(၇)ခု သတ်မှတ်ထားရှိပြီး ဇီဝဗေဒ ဘာသာရပ်တွင် ဖြေဆိုရန်စာရင်းရှိ (၅၈၈)ဦးရှိသည့်အနက် (၅၃၅) ဦး ဖြေဆိုခဲ့သည့်အတွက် ပျက်ကွက်သူ (၂၃)ဦးရှိခဲ့ကြောင်း၊ အလားတူ ဘောဂဗေဒဘာသာရပ်တွင်လည်း ဖြေဆိုရန်စာရင်းရှိ (၂၅၀၆)ဦးရှိသည့် အနက် ဖြေဆိုသူ(၂၂၃၂)ရှိခဲ့သည့်အတွက် ပျက်ကွက်သူ(၂၇၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ထို့ပြင်တောင်ကုတ်မြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၈၈) ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၀၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။
တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်