ကျောက်မဲမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်များကို အေးချမ်းစွာ ဖြေဆိုပြီးစီး

ကျောက်မဲ ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ဆဌမနေ့) ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်ကစတင်ကာ  ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၉၁) ဦး စာရင်းပေးသွင်းထား၍ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၃၈)ဦး ပျက်ကွက်သောကြောင့် ယနေ့ဖြေဆိုသူ ၉၀.၂၈% ရှိကြောင်းနှင့် ယနေ့တွင် အတွဲ(၁)နှင့် အတွဲ(၇) ဖြေဆိုသူကျောင်းသား ကျောင်းသူများ၏ နောက်ဆုံးနေ့ဘာသာရပ်ကို ဖြေဆိုခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယနေ့ စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများအား အာဟာရဒါနအဖြစ် တပ်မတော်သားများက အချိုရည်နှင့်မှုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် အတွဲ (၂)ဝိဇ္ဇာတွဲဖြစ်သည့် ပထဝီနှင့် သမိုင်းဘာသာရပ်များတွင် ဖြေဆိုရန် ကျောင်းသား (၈)ဦးသာကျန်တော့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)