ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲနှင့် မြို့နယ်လူငယ်ကိုယ်စားလှယ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း  စက်တင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာမူဝါဒမိတ်ဆက်ပွဲနှင့် မြို့နယ်လူငယ်ကိုယ်စားလှယ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုက လူငယ်နှင့်ပညာရေးဆိုင်ရာအခန်းကဏ္ဍနှင့် လူငယ်ကော်မတီကို အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် လူငယ်များ၏ပူးပေါင်းပါဝင်မှုနှင့် စိတ်ကူးသစ်များလိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်စိန် (လက်ထောက်ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန) က လူငယ်ရေးရာမူဝါဒနှင့် မြို့နယ်လူငယ်ကော်မတီ ရွေးချယ်ဖွဲ့စည်းမှု ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောက်ပန်းတောင်းနယ်မြေခွဲ၊ ပုပ္ပားနယ်မြေခွဲ၊ လက်ပံပျားနယ်မြေခွဲနှင့် ပွေးကျစ်နယ်မြေခွဲတို့မှ တက်ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များကို နယ်မြေခွဲအလိုက် တစ်ဖွဲ့ချင်းမဲပေးရွေးချယ်ခဲ့ကြမည်ဖြစ်ကြောင်းသိရပြီး၊ နယ်မြေခွဲတစ်ခုလျှင် (၂) ဦးနှုန်းနှင့် အုပ်စုနှင့်ကျေးရွာများသည့် ကျောက်ပန်းတောင်းနယ်မြေခွဲတွင် (၃) ဦး ရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် LGBT များအတွက် (၂) ဦး ရွေးချယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်လူငယ်ကိုယ်စားလှယ်ရွေးချယ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်တုတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ ဒေါ်ဝင်းမာဦးနှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးချစ်မင်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)