မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးမြှင့်တင်မှုသင်တန်းဆင်းပွဲ ကျင်းပ

မိုင်းဆတ် ဧပြီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးမြှင့်တင်မှုသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက နားကောကျေးရွာ ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းလွင်က သင်တန်းသား၊ သင်တန်းသူများကို အမှာစကားပြောကြားပြီး Malteser အဖွဲ့၏ စီမံကိန်းကျေးရွာ ၁၃ ရွာမှ ကိုယ်စားပြုတောင်သူ ၅၀ ဦးအား ကျေးရွာအခြေပြုစိုက်ပျိုးရေး မြှင့်တင်မှုလုပ်သားသင်တန်းတွင် ခရိုင်မြေအသုံးချရေး တာဝန်ခံ ဦးဝင်းမြတ်ဇော်၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဇော်သိန်းနိုင်နှင့် ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးအေးသင်းတို့က သင်တန်းဆင်းပွဲတွင် သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များကို ပြန်လည်ဆွေးနွေးကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းက စိုက်ပျိုးရေး ဆိုင်ရာနည်းလမ်းကောင်းများနှင့် မြေဩဇာစနစ်တကျအသုံးချနည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီနည်းစနစ်များကို ကျေးရွာများကိုကွင်းဆင်းကာ အသိပညာပေးခြင်းနှင့် သင်တန်းပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)