သာကေတမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာကေတ ဧပြီ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက နိုင်(၄)မှတ်တမ်းများအား Computer Software Programme ဖြင့် ထိန်းသိမ်းနိုင်ရေးစာရင်းရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ စည်ပင်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်လဝကဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။  ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့မှ နိုင်(၄)မှတ်တမ်းများ စာရင်းရေးသွင်းနိုင်ရေးနှင့် အချိန်မီ ပြီးစီးရေးကိစ္စရပ်များ၊ Covid-19 ကာကွယ်ဆေး(၁၀၀%) ထိုးနှံနိုင်ရေးကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး နိုင်(၄)မှတ်တမ်းများအား Computer ဖြင့် Software Programme စာရင်းစတင်ရေးသွင်း ဆောင်ရွက်နေမှုကို ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထူးလွင်မှ လာရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်(၄)မှတ်တမ်းများအား Computer Software Programme ဖြင့် စာရင်းရေးသွင်းဆောင်ရွက်ခြင်းကို သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွန်ပျူတာ(၁၄)လုံး၊ ဝန်ထမ်း(၂၈)ယောက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကွန်ပျူတာ(၆)လုံး၊ ဝန်ထမ်း(၁၂)ဦး၊ စုစုပေါင်းကွန်ပျူတာ(၂၀)လုံး၊ ဝန်ထမ်းအင်အား(၄၀)ဦးဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)