ရန်ကင်း ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့ ပဥ္စမနေ့ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၀၉:၀၀နာရီက အထက(၁)စာစစ်ဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စာမေးပွဲဖြေဆိုရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာစွာဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်း၊ အဖွဲ့များမှ စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို၍ ယနေ့တွင် ရူပဗေဒဘာသာရပ်ကို ဖြေဆိုခြင်းဖြစ်ပြီး ဧပြီလ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဇီဝေဗဒ/ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပတေးနေ့တွင် ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့တွင် သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့တွင် စိတ်ကြိုက်မြန်မာစာ စသည်တို့ကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အနေဖြင့် စားရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၅၂ ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်းမှာ (၃၁၇)ဦး၊ ဖြေဆိုရာနှုန်း ၉၀.၀၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။
အိရွှေစင်( ပြန်/ဆက်)