လှိုင်မြို့နယ် Community Centre ခန်းမတွင် လျှပ်စစ်ဓာတ်အားနှင့် ရေကိုခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေး Talk Show ကျင်းပ

လှိုင် ဧပြီ ၅

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ ယနေ့နေ့လည်(၁း၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် လျှပ်စစ်ဓာတ်အားနှင့် ရေကိုခြိုးခြံချွေတာသုံးစွဲရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး (Talk Show)ဆွေးနွေးပွဲတွင် လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲအောင်နှင့် မြို့နယ် လက်ထောက် အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာ ဦးအောင်မျိုးလွင်တို့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးသည့်ပုံစံများ၊ ဒေသနေပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ သင့်သည့်နည်းလမ်းများ၊ ပြင်ပအလင်းရောင်ကို အသုံးပြုရေးနှင့် ရုပ်မြင်သံကြားများ၊ သီချင်း များကို အချိန်ပြည့်ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားချွေတာရေး၊ ညအိပ်ချိန် တွင် လျှပ်စစ်မီးများပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို နေ့စဉ်ချွေတာသုံးစွဲရေး စသည်ဖြင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲရေးအတွက် ဆောင်ရွက်နိုင်သည့်နည်းလမ်းများ၊ ချွေတာသုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လိုက်နာသင့်သည့်အချက်များ၊ ထို့ပြင်​ ရေကို ခြိုးခြံ​ချွေတာစွာ အသုံးပြုရာတွင် မျက်နှာသစ်စဉ် သွားတိုက်​နေစဉ် ရေပိုက်​ခေါင်းဖွင့်ထားခြင်းဖြင့်​ ရေများကုန်လွန်ခြင်း၊ အိမ်အတွင်းခြံအတွင်း​ရေပိုက်မလုံမှု ​ရေဘုံဘိုင်​ရေစိမ့်မှုများရှိပါက ပြုပြင်ရမည်ဖြစ်ပါ​ကြောင်း ​ရေစိမ့်မှု​ကြောင့် ​ရေတင်ချိန်များ​လေ မီတာခပိုမိုကုန်ကျမှုဖြစ်​စေနိုင်ပါ​ကြောင်း၊ အ​ပေါ်​ရေတိုင်ကီ​ရေပြည့်သည်နှင့် ​ရေတင်စက်ကို အလိုအ​လျောက်ရပ်​စေမည့်စနစ်ကို အသုံးပြုခြင်းဖြင့်​ ရေကို​ချွေတာစွာသုံးစွဲခြင်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)