သုံးခွ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမဆောင်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) Vaccine ထိုးနှံပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းကို ပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်ဝင်းသန်းက သားအိမ်ခေါင်း ကင်ဆာရောဂါဆိုင်ရာ သိကောင်း စရာများ၊ အိတ်ပီဗီ (Human Papilloma Virus) ပိုးနှင့် ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘေးအန္တရာယ် ကင်းစွာထိုးနှံပေးခြင်း၊ မှတ်တမ်းပြုစုခြင်း၊ သတင်းပေးပို့ခြင်းနှင့် မြို့နယ်ကျန်းမာရေးမှူး အဆင့်-၁ ဦးအောင်ဇော်ထက်က ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် HPV ကာကွယ်ဆေး ထည့်သွင်းထိုးနှံရန် လုပ်ငန်း အဆင့်ဆင့်များကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်း ထိုးနှံပေးသွား မည်ဖြစ်ကြောင်း၊ တစ်နှစ်အကြာတွင် တစ်ကြိမ် ထပ်မံထိုးနှံရမည်ဖြစ်ပြီး စုစုပေါင်း နှစ်ကြိမ် ကို မြို့နယ်အတွင်းရှိ အမျိုးသမီး ငယ် စုစုပေါင်း (၁၆၅၄) ဦးအား ထိုးနှံပေးမည်ဟု သိရှိရ သည်။ အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ပြည်သူ့ ကျန်းမာရေးဝန်ထမ်း(၁၁၂)ဦးအား နံနက်ပိုင်းတွင်တစ်ကြိမ် နေလယ်ပိုင်းတွင် တစ်ကြိမ် နှစ်သုတ်ခွဲ၍ ပရိုဂျက်တာဖြင့် ရှင်းလင်း ပို့ချ ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း ပြန်/ဆက်