မြင်းခြံ စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးပစ္စည်းများဖြစ်သော ပါးစပ်နှာခေါင်းစည်း ၁၀၀၀ ခု၊ N95 ပါးစပ်နှာခေါင်းစည်း ၅၀ ခု၊ မျက်မှန် ၃၀ ခု၊ လက်သန့်ဆေးရည် ၂၀ ဘူး၊ Face Shield ၅၀ ခု၊ OT Cap ၅၀၀ ခု၊ Apron ၅၀၀ ခုတို့ပေးအပ်ခဲ့ရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး ဒေါက်တာအုပ်စိုးက လက်ခံရယူခဲ့သည်။
အဆိုပါပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)