နမ့်ခမ်းမြို့ရှိ ​ရှေးဟောင်း​သမိုင်းဝင် မန့်ခမ်းစေတီတော်ကြီးအား ဘုရားဖူးခြင်း၊ လာရောက်လည်ပတ်ခြင်းများ ပြန်လည်ဖွင့်လှစ်

နမ့်ခမ်း ဧပြီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မန့်ခမ်းစေတီတော်မြတ်ကြီးအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား ဘုရားဖူးခြင်း၊ လည်ပတ်လမ်းလျှောက်ခြင်းအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

နမ့်ခမ်းမြို့၊ ဗုဗ္ဗါရုံဘုန်းတော်ကြီးကျောင်းတိုက်ရှိ မန့်ခမ်းတီတော်ကြီးသည် ကော်ဇာသက္ကရာဇ် (၅၀၄)ခုနှစ် တွင် အလောင်းစည်သူမင်းမှ ပညာရှိများ စေလွှတ်၍ မောရှမ်းဒေသရှိ ပြည်သူများ၏လုပ်အား ကုသိုလ်ဖြင့် တည်ဆောက်ခဲ့ပြီး ကော်ဇာသက္ကရာဇ် (၁၁၃၀)ပြည့်နှစ်တွင် ဆင်ဖြူရှင်မင်း၏ မိဖုရားဖြစ်သော နန်းအီ၏ စေသနာ အကူအညီဖြင့် ပြန်လည်ပြုပြင်ခဲ့သည့် ရှေးဟောင်း သမိုင်းဝင် စေတီတော်ကြီးတစ်ဆူဖြစ်သည်။ စေတီတော်ကြီးအား ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ဖြစ်ပွားသည့် ၂၀၁၉-ခုနှစ်၊ နှစ်ကုန်ပိုင်းကာလမှစ၍ ရပ်ဝေး ရပ်နီးမှ ဘုရားဖူးလာပြည်သူများထံသို့ ရောဂါကူးစက်မှုမရှိစေရန်အတွက် လာရောက်ဘုရားဖူးခြင်း၊ လည်ပတ်လမ်း လျှောက်ခြင်းအား ခေတ္တပိတ်ထားရာမှ နိုင်ငံတော်အစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် စပ်ဆက်ဝန်ကြီးဌာနများ၏ စနစ်တကျဆောင်ရွက်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဥ်များအား ပြည်သူများမှ လိုက်နာကျင့်သုံးကာ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့် ရောဂါကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများလျှော့ကျလာ၍ ဘုရားဖူးပြည်သူများ လာရောက်ဘုရားဖူးခြင်း၊ လည်ပတ်လမ်းလျှောက်ခြင်းများကို လွန်ခဲ့​​သော မတ်လကုန်တွင် နေ့စဉ်နေ့တိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် မန့်ခမ်းစေတီတော်မြတ်ကြီးသို့ ဘုရားဖူးခြင်း၊ လည်ပတ်ခြင်းလာရောက်ကြသည့် ပြည်သူများအား စေတီတော်ဂေါပကအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးမှ ဖုရားဝန်းအတွင်း ဘုရားဖူးကြရန် အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)