မိုးညှင်းမြို့နယ် စာရေးဆရာအသင်းနာယကအဖွဲ့ဝင်တစ်ဦးမှ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ရှားပါး စာအုပ်များ လာ‌ရောက်လှူဒါန်း

မိုးညှင်း ဧပြီ ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း နာယကအဖွဲ့ဝင်ဖြစ်သည့် ဦးအေးဆွေ(မင်းယု‌ဆွေ)က ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ရှားပါးစာအုပ်များ လာ‌ရောက်လှူဒါန်းခြင်း အခမ်းအနားကို ဧပြီလ(၄)ရက် မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးက အမှာစကားပြောကြားပြီး ရှားပါး စာအုပ်များ အလှူရှင် ဦးအေးဆွေ(မင်းယုဆွေ)၏ ဇနီးဖြစ်သူဒေါ်ခင်ပြုံးက စာအုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါ စာအုပ်များလှူဒါန်းရာတွင် ရှားပါးစာအုပ်များအလှူရှင် ဦးအေးဆွေ(မင်းယုဆွေ)၏ ဇနီးဒေါ်ခင်ပြုံးနှင့် သမီးဖြစ်သူမဥမ္မာဆွေတို့က ရှားပါးစာအုပ်မျိုးစုံထည့်ထားသည့် ဆာလာအိတ် ၁၅ အိတ်တို့အား ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်နွယ်နွယ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းမှ ဥက္ကဋ္ဌဦးခင်မောင်ဦး(သစ္စာ/မိုးညှင်း)နှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အလှူရှင် ဦးအေးဆွေ(မင်းယုဆွေ)သည် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း၏ နာယက တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ကန်တော့ခံသက်ကြီးစာပေပညာရှင်ဖြစ်ကာ ယခုအခါရန်ကုန်မြို့တွင် အခြေချနေထိုင်လျက်ရှိသဖြင့် မိုးညှင်းမြို့တွင် နေထိုင်ခဲ့စဉ်ကာလ နှစ်‌ပေါင်း (၃၀)ကျော်က စုဆောင်းထားသော သုတ/ရသစာအုပ်များနှင့် ဘာသာပြန်စာအုပ်များအား ပြည်သူများ ဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)