ကျိုင်းတုံ ဧပြီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ကျိုင်းတုံမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် Future Boys အသင်းနှင့် Fighting Cock-FC အသင်းတို့ ယှဉ်ပြိုင်ကစားရာ Future Boys အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်တင်ဝင်းနှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက် ကူညီဆောင်ရွက်ပေးသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုများကိုလည်ကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း၊ ဂိုးသမားဆုများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
ထို့နောက် ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းနှင့်တာဝန်ရှိသူများက ဒုတိယဆု ရရှိသော Fighting Cock-FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ ပထမဆုရရှိသည့် Future Boys အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွက် အားထားရသော လူငယ်လူရွယ်များအား ကျန်းမာကြံ့ခိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ ကိုယ်ရည်ကိုယ်သွေးများထက်မြက်လာစေရေး စသည့် ရည်ရွယ်ချက်ဖြင့် ကျိုင်းတုံခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပရာ ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်များမှ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)