မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

မောင်တော  ဧပြီ  ၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ဧပြီလပထမအပတ်မှ စတင်ကာ ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့်  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုင်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့်အသက်(၂)နှစ်အောက်များအား  နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးများအား  အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ဧပြီလ ပထမအပတ်မှ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်နိုင်သည့် ရောဂါများဖြစ်သော သွေးတိုး၊ ဆီချို စသည့် ရောဂါများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)