လားရှိူး မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၁၂)ရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် တာဝန်ယူဆောင်ရွက် ပေးခဲ့သော ဌာနနှင့် ပြည်သူလူထုများ ပူးပေါင်းကာ ဟက်ကာလမ်းသွယ် ကိုယ့်အားကိုယ်ကိုး နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါလမ်း၌ ကျင်းပသည်။
ယခုဖွင့်လှစ်မည့် ဟတ်ကာလမ်းသွယ် ကိုယ့်အားကိုယ်ကိုး နိုင်လွန်ကတ္တရာလမ်းသည် ယခင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကတ္တရာထက်ပိုးလွှာခင်းခြင်း၊ ကတ္တရာတန်(၆.၀၄)တန်နှင့် ကတ္တရာလမ်းအရှည်(၇၆၀)ပေ၊ အကျယ်(၁၈)ပေကို ကုန်ကျငွေကျပ်(၁၈၄)သိန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်လာသည့်အတွက် မြို့ပြဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်မှ ကတ္တရာလမ်းသစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းသည်။
ဆက်လက်၍ ဟတ်ကာလမ်းသွယ် ကိုယ့်အားကိုယ်ကိုး နိုင်လွန်ကတ္တရာလမ်းသစ်ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လားရှိုးပြည်နယ် စည်ပင်သာယာရေးဌာန ပြည်နယ်မှူးမှ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကို နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းအား လှည့်လည်ကြည့်ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည်စေတီတော်အား သွားရောက်ဖူးမျှော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပေးကြပြီး နဝကမ အလှူငွေများ လှူဒါန်းပေးကြရာ ဂေါပကအဖွဲ့တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူ၍ အမှတ်တစ်ရဓါတ်ပုံ ပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အန္တရာယ်ကင်း ဖယောင်းတိုင်များ ထွန်းညှိပေး၍ ရန်တိုင်းအောင် စေတီတော်အတွင်း တည်ဆောက်ထားသော ဗုဒ္ဓဥယျာဉ်နှင့် ရပ်တော်မှုဗုဒ္ဓရုပ်ပွားတော် တည်ဆောက်နေမှုကို ကြည့်ရှု၍ အလှူငွေများ လှူဒါန်းပေးကြပြီး ပြည်သူ့ဥယျာဉ်အား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ကြွရောက်သီတင်းသုံးတော်မှုသော သဲဖြူကုန်းဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး လားရှိုးမြို့ရှိ မယ်ဟန်ကျေးရွာရှိ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်သို့ သွားရောက်ကာ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နောက်သာသနာ နှစ်ထောင်ငါးရာ ဘုန်းတော်ကြီးသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်၍ လှူဖွယ်ပစ္စည်း နဝကမအလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြသည်။
၎င်းနောက် လားရှိုးမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသော အခြေခံပညာ ဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာဟောပြာပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့် ဆက်စပ်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ လားရှိုးခရိုင် ပညာရေးမှူးမှ လက်ခံရယူပြီး ဟိဏ်းဓနကုမ္မဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်မှ အ.ထ.က(၄) ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ်(၅)သိန်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထက်အောင်က လူငယ်နှင့်လွန်စွာ အကျိုးများ ကာယပညာနှင့် အားကစား၊ အားကစား အကျိုးကျေးဇူးဖြင့် ဗလငါးတန်ဖွံ့ဖြိုးရခြင်း၊ Mobile Network လွန်ကဲစွာ သုံးစွဲခြင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်လျော့ကျစေရန် အားကစားဖြင့် အခြေခံခေါင်းစဉ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်မှ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းကြည်မှ စိတ်ဓာတ်ကောင်းမွန်ရေး နှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဉ်ဖြင့် ဟောပြောကြပြီး ကျောင်းသားကျောင်းသူများမှ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်းနှင့် ကရာတေးဒို အားကစားနည်းများဖြင့် သရုပ်ပြသကြကြောင်း သိရှိရသည်။
မောင်မောင်သန်း