သရောက် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ ယနေ့ နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးရုံးတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၏ GAP စိုက်ပျိုးနည်းစနစ်ဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ငါ့သရောက်မြို့ကျေးရွာများမှ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းကိုညောင်ဦးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန္ဒာလင်းမှ လည်းကောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ လည်းကောင်းစိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများကို တောင်သူများသိရှိနားလည်စေရန် ရှင်းပြပေးခဲ့ပြီး နည်းစနစ်မှန်ကန်စွာအသုံး ပြုကာ အထွက်နှုန်းများစွာရရှိစေရန် ရည်ရွယ်ကာ သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ငါ့သရောက်မြို့တွင် တောင်သူများ အဓိကစိုက်ပျိုးထားသည့် မြေပဲသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ စပါးစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နေကြာ သီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ ဝါသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များနှင့် ပိုက်ဆံလျော် သစ်စိမ်းမြေသြဇာနှင့်မြေဆီလွှာဖွံ့ဖြိုးရေး ဆိုင်ရာအသိပညာပေး ဆောင်ရွက်ချက်များကို တောင်သူများ သိရှိနားလည်စေရန် ရှင်းပြပေးခဲ့ပြီး တက်ရောက် လာသောတောင်သူများကလည်း မိမိတို့ နားမလည်သောအချက်အလက်များကိုလည်း ဆွေး နွေးခဲ့ကြောင်းသိရသည်။
အဆိုပါ စပါး၊ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၏ GAP စိုက်ပျိုးရေးနည်းစနစ်ဆိုင်ရာ တောင်သူအသိပညာပေး သင်တန်းကို ငါ့သရောက်မြို့ရှိ ကျေးရွာများမှ တောင်သူ(၅၀) ဦးနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)