နောင်ချို စက်တင်ဘာလ ၁
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ (၁၀)နှင့် ပုံစံ (၁၀-က)များဖြင့် ယမန်နေ့ ညနေ ၄ နာရီအချိန် က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် မဲရုံပေါင်း (၈၃) ရုံရှိပြီး ပထမအကြိမ်မဲစာရင်းကပ်ထားကြေငြာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၉၉၈၃၇)ဦး ရှိရာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၉) ဦး၊ အမှတ် (၁) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀)ဦး၊ အမှတ်(၂) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း (၉)ဦးဖြင့် စုစုပေါင်း (၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ် ခံကြမည်ဖြစ်ပြီး အဆိုပါ ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းကို အများပြည်သူ သိရှိလေ့လာနိုင်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ရှေ့တွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)