မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် အသင်းချုပ်တာဝန်ရှိပုဂ္ဂိုလ်များ (၁၂)ကြိမ်မြောက် တွေ့ဆုံ

လမ်းမတော် ဧပြီ

 ကုန်သည်စက်မှုအသင်းချုပ်သည် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်စက်မှု အသင်းများနှင့် ယမန်နေ့တွင် (၁၂) ကြိမ်မြောက်တွေ့ဆုံ၍ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို အပြန်အလှန် သုံးသပ်ဆွေးနွေး ခဲ့ကြသည်။

 အစည်းအဝေးတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကြုံတွေ့ရသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး နိုင်ငံတကာကုန်သည်စက်မှုအသင်းများမှ မိတ်ဆွေများနှင့်လည်း စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအခြေစိုက် Japan Chamber of Commerce and Industry ဥက္ကဋ္ဌ Mr. Kunio Onishi မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုကောင်းသည့် စီးပွားရေးဝန်းကျင်ကို ဝိုင်းဝန်းဖန်တီးနိုင်ရေးကို  မိတ်ဆက် အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့ပြီး အသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမိုးကျော်မှ အသင်းချုပ်၏ လတ်တလောလှုပ်ရှား ဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။      

 အစည်းအဝေးတွင် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဂျပန် ၊ တရုတ်၊  အိန္ဒိယ၊ မလေးရှား၊  ဟောင်ကောင်၊ ထိုင်း၊ အစ္စရေး ကုန်သည်စက်မှုအသင်းများနှင့် တရုတ်(တက်ဟုန်းပြည်နယ်) ရုံးခွဲတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ၎င်းတို့အသင်းဝင် လုပ်ငန်းရှင်များ၏ စီးပွားရေးအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခြေအနေများ၊ ပညာရေး၊ ဘဏ္ဍာရေး၊ နိုင်ငံတကာလေကြောင်းလိုင်းအခြေအနေများ၊ နိုင်ငံတကာ ကုန်သည်စက်မှု အသင်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အသင်းချုပ်နှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အလားအလာများကိုဆွေးနွေးခဲ့ကြသည်။

 အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ  စေ့စပ်ညှိနှိုင်းမှု၊  လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးကဏ္ဍ၊ ကွာရန်တင်းကဏ္ဍ၊ ဗီဇာကိစ္စများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး လဲလှယ်နှုန်း၊ ကျွမ်းကျင်လုပ်သားများပေါ်ထွန်းရေးနှင့်  အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ဟိုတယ်နှင့်ခရီး သွားလာရေး၊ နိုင်ငံတကာကုန်သည်အသင်းများနှင့် အဖက်ဖက်မှ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။

ယမန်နေ့အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်