ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

ဆီဆိုင် ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစား သင်တန်းများကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရှိ အားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူ၊ လူငယ်မောင်မယ်များ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစား စိတ်ဓါတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါသည့် အားကစားနည်းများကို အလေးပေး သင်ယူလေ့ကျင့်နိုင်စေရန်၊ နွေရာသီ အားကစား သင်တန်းမှတဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ဖော်ထုတ်လေ့ကျင့် ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ အားကစားနှင့် ကာယပညာ သိပ္ပံသင်တန်းသားရရှိစေရန်  စသည့် ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစား သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီအားကစားသင်တန်းများအဖြစ် ဘောလုံး(ကျား/မ)၊ မြန်မာ့သိုင်း (ကျား/မ)၊ အေရိုးဗစ်(မ) နှင့် ကြက်တောင်(ကျား/မ)စသည့် အားကစားနည်း (၄)မျိုးကို ကျောင်းသား၊ ကျောင်းသူ (၂၃၅)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိရာ သင်တန်းနည်းပြ ၅ ဦးတို့က နံနက်(၁)ကြိမ်၊ ညနေ(၁)ကြိမ် တစ်နေ့လျှင် (၂)ကြိမ်ဖြင့် သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ် ၂၅ ရက်မှ ဧပြီ ၇ ရက်နေ့ထိ ၁၄ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းထံမှ သိရသည်။

မျိုးမြတ်