လားရှိုး ဧပြီ ၄
၂၀၂၂ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ မိုးလုံလေလုံလေ့ကျင့်ရေး အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ဝန်ကြီးများ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဘတ်စကက်ဘော ဗိုလ်လုပွဲစဉ်အား ဘောလုံးပစ်မြှောက်ဖွင့်လှစ်ပေးခဲ့ပြီး ဖူလီလိုက်အသင်းနှင့် ကိုးကန့်လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့သည်။ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆု ရရှိသော ဖူလီလိုက်အသင်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက လည်းကောင်း၊ ဒုတိယဆုရရှိသော ကိုးကန့် လူငယ်အသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လည်းကောင်း၊ တတိယဆုရရှိသော တန့်ယန်းအသင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေက လည်းကောင်း၊ စတုတ္ထဆုရရှိသော K Box အသင်းအား ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ တာသိန်းဇော်က ငွေသားဆုအားလည်းကောင်း၊ အားကစားသမားအကောင်းဆုံးဆု ရရှိသူအား ရှမ်းပြည်နယ် (မြောက်ပိုင်း) ဘတ်စကက်ဘောကော်မတီဥက္ကဋ္ဌ ဖူလီလိုက်ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးစိန်မြင့်ကလည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပထဆုရရှိသော ဖူလီလိုက်အသင်းအား တံခွန်စိုက်ဒိုင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ငွေသားဆုအားလည်းကောင်း အသီးသီးချီးမြှင့်ပေးခဲ့ပြီး အဆိုပါပြိုင်ပွဲအား ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ပြိုင်ပွဲဝင် အသင်း(၁၁)သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး