တောင်ကြီး ဧပြီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးချုပ် တင်ကိုကိုက မဟာသင်္ကြန်ပွဲတော် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြ သည်။
ဆက်လက်၍ ဗဟိုမဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၊ ဖိတ်ကြားရေးနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေနှင့် ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်တို့က ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ကဏ္ဍအလိုက် အထွေထွေဆွေးနွေးခဲ့ကြပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း