ကုန်သည်စက်မှုအသင်းချုပ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေအတွက် ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ

 လမ်းမတော် ဧပြီ

၂၀၁၄ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ (၈)နှစ်တာကာလ ကုန်သည်စက်မှုအသင်းချုပ်အတွက် ကြိုးစားပမ်းစား မနားမနေ အားသွန်ခွန်စိုက် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ကြိုးစားဆောင်ရွက်ပေးခဲ့သော အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေအား ဂုဏ်ပြု နှုတ်ဆက်သည့် အခမ်းအနား တစ်ရပ်ကို ယမန်နေ့တွင် လမ်းမတော်မြို့နယ် အသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ကျင်းပ ခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေအတွက် ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်၏ (၈)နှစ်တာ ကာလအတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို အမှတ်တရ မှတ်တမ်း ဗီဒီယိုဖြင့် ပြသခဲ့ပါသည်။ အမှုဆောင်အရာရှိချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး နောက် အသင်းချုပ်ဥက္ကဋ္ဌ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ဝန်ထမ်းများမှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေအား ဂုဏ်ပြု အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။ 

 ဦးတင့်ဆွေသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ကုန်သည်စက်မှုအသင်းချုပ်တွင် အမှုဆောင် အရာရှိ ချုပ်(CEO)အဖြစ် တာဝန်မထမ်းဆောင်မီ ၎င်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရာထူးအဆင့်ဆင့်တွင်  ဦးစီးအရာရှိမှ ညွှန်ကြားရေးမှူးချုပ် အထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးအီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သူ တစ်ဦး ဖြစ်သည်။ ယခုအခါ အမှုဆောင်အရာရှိချုပ် တာဝန်များမှ အနားယူလိုက်ပြီဖြစ်သော်လည်း အသင်းချုပ်အတွက် နိုင်ငံတကာရေးရာအကြံပေး (IR Advisor) အဖြစ် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်