မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းဖြတ် ဧပြီ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဟိုနား (ရှမ်း၊ အာခါ၊ လာဟူ ) စသည့် ကျေးရွာများသို့ ဆက်လက်ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုရေးဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးရွာများသို့ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါ ကူးစက်မှုမြန်ဆန်ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေး လူစုလူဝေးရှောင်ရှားခြင်း၊ နေအိမ် အပြင်သို့ထွက်ပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမှနေထိုင်စကားပြောခြင်း စသည့် နည်းလမ်းများကို ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါကင်းဝေး စေရေးအတွက်  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊စည်းကမ်းချက်များနှင့်အညီ အလေးထား ဂရုစိုက်လိုက်နာနေထိုင်သွားလာရေး တိုက်တွန်းပြောကြား၍ အသိပညာပေး လက်ကမ်း စာစောင်များ၊ ပါးစပ်နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး