ကျောက်မဲ ဧပြီ ၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံဘောလုံး သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်မဲခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဘောလုံးသင်တန်းသား/ သူများက ဘောလုံးသရုပ်ပြကစားခြင်း၊ ကျောက်မဲခရိုင် အေရိုးဗစ်အဖွဲ့နှင့် ကျောက်မဲမြို့နယ မြန်မာ့သိုင်းအဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများကို ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်း၊ သင်တန်းဆရာများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း၊ သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းနှင့်၊ ဘောလုံးသင်တန်း ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသည့် ကုမ္မဏီအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နွေရာသီ ကျောင်းပိတ်ရက်အတွင်း လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေး၊ ဗလ ၅ တန်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ ဘောလုံးသင်တန်းကို မတ်လ ၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး အသက် ၁၂ နှစ်အောက် ဒေသခံလူငယ် ၁၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)