မိုင်းယု ဧပြီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ပြီး ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာရန်နှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့လမ်းဆုံနေရာများ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် ခရီးသွားပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာမှုရှိစေရန် စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် ထောက်ခံစာဖြင့်ခရီးသွားလာခြင်းမပြုရန်၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)နှင့် အခြားကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးကို ကိုင်ဆောင်သွားလာကြရန်နှင့် ယာဉ်မောင်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)နှင့် အခြားကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး မပါရှိက ခရီးသည်များအား တင်ဆောင်ခြင်းမပြုကြရန် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းသည် “လုံခြုံရေးနှင့် လူမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း မဟုတ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုင်ဆောင်လက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းသာဖြစ်ကြောင်း၊ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး မရှိသူများအားရရှိအောင် ဆောင်ရွက်ပေးလို၍ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ကိုင်ဆောင် လက်မှတ်များကို ထောင်ပြခြင်းဖြင့် ကူညီကြပါ” စသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများသို့ ပန်ကြားထားသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် “ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ကြပါနှင့်” ဆောင်ပုဒ်ကို ပြည်သူများသိရှိအောင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ထားကြောင်း သိရသည်။
အားချာ