ဒဂုံအရှေ့ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီက ရှမ်းတဲကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံ သွားရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကြည်ဝင်းနိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းတဲကြီး ကွင်းကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ မပြုလုပ်ရသေးသည့် အသက် ၁၀ နှစ်ပြည့် ပြည်သူ(၄၅)ဦး၊ အသက် ၁၈ နှစ်ပြည့်(၆)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်(၅၄)ဦး၊ အိမ်ထောင်စုမိတ္တူ (၂၇)ဦး စုစုပေါင်း(၁၃၂)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဦးစီးမှူးရုံးတွင် " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့ " ဆောင်ပုဒ်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်